Subscribe to our RSS Feed

သံတွဲတွင် ဖြစ်ပွားခဲ့သည့် အဲကမ္ဘောဇလေယာဉ် မတော်တဆဖြစ်မှုအတွက် အာမခံပေးရန် စီစဉ်နေ

From :မြန်မာတိုင်းမ်

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သံတွဲ လေဆိပ်သို့ ဆင်းသက်စဉ် မတော်တဆ မှု ဖြစ်ပွားခဲ့သည့် အဲကမ္ဘောဇ လေကြောင်းလိုင်းမှ လေယာဉ်ပျက်စီးမှု အတွက် အာမခံလျော်ကြေးပေးရန် စီစဉ်နေကြောင်း မြန်မာ့အာမခံလုပ်ငန်း မှ သိရသည်။
အဆိုပါ မတော်မဆမှုကြောင့် လေယာဉ်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သော်လည်း လိုက်ပါလာသူခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ ထိခိုက်မှုတစ်စုံ တစ်ရာမရှိခဲ့ကြောင်း သိရသည်။
လေယာဉ်အာမခံအား မြန်မာ့အာမခံ မှတစ်ဆင့် နိုင်ငံခြားရှိအာမခံ လုပ်ငန်း တစ်ခုတွင် ထားရှိထားရာ အဆိုပါအာမခံ လျော်ကြေးငွေ ပေးရေးအတွက် လတ်တလော စီစဉ်နေဆဲဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဒေါက်တာမောင်မောင်သိမ်း က ပြောသည်။
"ကျွန်တော်တို့ လေယာဉ်ပျက်စီးမှု အတွက် အာမခံလျော်ကြေးပေးဖို့ စီစဉ် နေပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က စင်ကာပူနိုင်ငံက ကျွမ်းကျင်သူတစ်ဦးက ဖြစ်စဉ်ကို လေ့လာကြည့်ရှုသွားပါတယ်။အဲဒါလေ့လာချက်အရ လေယာဉ်က ပြန် ပြင်လို့ရနိုင်တဲ့အတွက် လျော်ကြေးငွေ အတိအကျကို မကြာမီတွက်ချက်အသိ ပေးမှာပါ"ဟု ၎င်းက ပြောသည်။
ဟဲဟိုးမြို့မှ ပျံသန်းလာသော အဲကမ္ဘောဇလေကြောင်းမှ လေယာဉ် အမှတ် K7-242/243 သည် ဖေဖော်ဝါ ရီလ ၁၀ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် သံတွဲလေဆိပ်သို့ အဆင်းတွင် လေယာဉ် မှာ ညာဘက်သို့ဆွဲသွားပြီး ဟိုက်ဒရော လစ်ဘီးစနစ် ချွတ်ယွင်းခဲ့ရာမှ လေယာဉ် ၀မ်းဗိုက်ဖြင့် ဆင်းသက်ခဲ့ရသည်။
အဆိုပါ လေယာဉ်အား ကပ္ပတိန် ဦးအေးကိုကိုဆိုသူ မောင်းနှင်လာခြင်း ဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် စုစုပေါင်း ၅၁ ဦး လိုက်ပါခဲ့သည်။
"ခရီးသည် စုစုပေါင်း ၅၁ ဦးမှာ ၃၂ ဦး က နိုင်ငံခြားသားတွေဖြစ်ပြီး၊ ကျန် ၁၉ ဦး ကတော့ ပြည်တွင်းခရီးသည်တွေဖြစ်ပါ တယ်။ ခရီးသည်ကော လေယာဉ်ဝန်ထမ်း တွေပါ ထိခိုက်မှုတစ်စုံတစ်ရာမရှိပါဘူး" ဟု အဲကမ္ဘောဇလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လေကြောင်းလိုင်းအနေဖြင့် အာမခံ လျော်ကြေးရရှိရန်အတွက် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
ကမ္ဘောဇဘဏ်အုပ်စုပိုင် အဲကမ္ဘောဇ လေကြောင်းလိုင်းကို ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က စတင်ထူထောင်ခဲ့ပြီး လက်ရှိ ရန်ကုန်မြို့မှ ညောင်ဦး၊မန္တလေး၊ ဟဲဟိုး၊ တာချီလိတ်၊ ထားဝယ်၊ မြိတ်၊ မြစ်ကြီးနား၊ ကလေး၊ ကော့သောင်း၊ သံတွဲနှင့် စစ်တွေ မြို့များသို့ ပြေးဆွဲနေသည်။

 Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်