Subscribe to our RSS Feed

ဈေးကွက်အတွင်း ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများတွင် အဏုဇီဝပိုးများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိ


From : ခေတ်လူငယ်

ပြည်တွင်းထုတ်ကုန်နှင့် ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်းများတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် အဏုဇီဝပိုးများ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်သောင်းဦးက ပြောသည်။ ပြည်တွင်းထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်း ၁၃၅ မျိုးကို နမူနာအဖြစ် စမ်းသပ်စစ်ဆေးရာတွင် အန္တရာယ်ဖြစ်စေသည့် အဏုဇီဝပိုးမွှား ပစ္စည်း ၂၂ မျိုးတွင် ပါဝင်သည်ကို တွေ့ရှိရပြီး ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၃ ပါဝင်ကြောင်း ၄င်းက ပြောသည်။ ထို့ပြင် ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်ပစ္စည်း ၁၄ မျိုးကို နမူနာအဖြစ် စစ်ဆေးရာတွင် ပစ္စည်း ၇ မျိုးတွင် အဏုဇီဝပိုးများ ပါဝင်နေပြီး ရာခိုင်နှုန်းအားဖြင့် ကြည့်ပါက ၅၀ ရာခိုင်နှုန်းထိ ပါဝင်နေကြောင်း ၄င်းကဆက်လက် ပြောသည်။ သို့သော် အဆိုပါစစ်ဆေး တွေ့ရှိချက်များကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် တင်သွင်းလာသည့် စားသောက်ကုန်များနှင့် ပြည်တွင်းထုတ်ပစ္စည်းများကို စစ်ဆေးကြီးကြပ်ရာတွင် ယခုထက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ၄င်းက သုံးသပ်ပြောသည်။ ပိုးမွှားပါရှိသည့် စားသောက်ကုန်များကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းယူသည့်စနစ် ကျင့်သုံးနိုင်ခြင်းရှိ၊ မရှိမှာ စားသုံးသူဆိုင်ရာ ကာကွယ်သည့်ဥပဒေ ပြဋ္ဌာန်းထားခြင်းပေါ်တွင်သာ မူတည်ကြောင်း ၄င်းကပြောသည်။ လတ်တလောတွင် စားသုံးသူကာကွယ်ရေးအတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းအတည်ပြုနိုင်ခြင်း မရှိသေးဘဲ စားသုံးသူကာကွယ်ရေး ဥပဒေမူကြမ်း (Consumer protection Law) အဆင့်သာ ပြီးစီးသေးကြောင်း သိရသည်။ “လက်ရှိမှာ ဥပဒေမရှိသေးတဲ့အတွက် ပိုးပါတဲ့ပစ္စည်းတွေကို မသိမ်းဆည်းနိုင်သေးဘူး” ဟု ၄င်းကပြောသည်။ အာဆီယံဒေသတွင်း နိုင်ငံများတွင် ၄င်းဥပဒေကို မြန်မာနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်