Subscribe to our RSS Feed

မြန်မာနိုင်ငံပညာရေးစနစ်ကို ကမ္ဘာ့ပညာရေးစနစ်ဖြင့် ချိန်ညှိပြောင်းလဲမည်


မြန်မာနိုင်ငံ၏ လက်ရှိပညာရေးစနစ်ကို ကမ္ဘာ့ပညာရေးစနစ်ဖြင့် ချိန်ညှိပြီး ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပညာရေးဌာန အသိုင်းအဝိုင်းမှ သိရသည်။ ယင်းကဲ့သို့ ပြောင်းလဲရမည့် ပညာရေးစနစ်တွင် ဒသမတန်းကို တက္ကသိုလ်ဝင်တန်းဟူ၍ မသတ်မှတ်တော့ဘဲ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သီးသန့်သတ်မှတ်သွားရန်မှာလည်း အထူးလိုအပ်သည့် အခြေခံအချက်တစ်ခုပင်ဖြစ်ကြောင်း ပညာရေးလုပ်ငန်းလုပ်ကိုင်နေသူများက ပြောသည်။

"အမှန်တော့ ဒသမတန်းကို ဖြေဆိုပြီး တက္ကသိုလ်ဝင်ခွင့်သတ်မှတ်လိုက်တယ်ဆိုတာက ကျောင်းသား/သူတွေရဲ့ အမှန်တကယ်စိတ်ဝင်စားတဲ့၊ ဝါသနာပါတဲ့ ဘာသာရပ်ကို ဆက်ပြီး လေ့လာခွင့်ရချင်မှရတာ။ ဖြစ်သင့်တာကတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို သီးသန့်သတ်မှတ်ပြီး ကိုယ်ဝါသနာပါသင်ယူချင်တဲ့ မေဂျာမှာ အဓိကကျတဲ့ ဘာသာရပ်တွေကို လေ့လာသင်ယူဖြေဆိုနိုင်တယ်ဆိုရင်ပဲ တက်ချင်တဲ့ တက္ကသိုလ်ကို တက်ရောက်ခွင့်ရှိရမှာပါ။ ဒီစာမေးပွဲက အခြေခံပညာအတန်းနဲ့ မဆိုင်ဘဲ National Exam ပေါ့။ ဒီလိုစနစ်တွေဖြစ်လာဖို့တော့ ရည်ရွယ်ချက်ရှိပါတယ်" ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သီးသန့် သတ်မှတ်သည့် ပုံစံနှင့် ပတ်သက်၍ ပညာရေးသုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ စိုးဝင်းဦးက ပြောကြားရာ တွင် "ကမ္ဘာမှာ ကျင့်သုံးနေတဲ့ ပညာရေးအဆင့်က Grade 12 System နဲ့ သွားတယ်။ Grade 10 အထိကို "O" လယ်ဗယ်လို့ခေါ်ပြီး Grade 12 ကို "A" လယ်လယ်ဗယ် လို့ခေါ်တယ်။ အေလယ်ဗယ်အောင်ပြီးမှသာ တက္ကသိုလ်ပထမနှစ်ကို ဆက်တက်လို့ရတယ်။ နိုင်ငံတကာက Grade 12မှာက သူငယ်တန်းပြီးမှ Grade 1 ကို တက်ရောက်ရတာပါ။

အဲဒါက အရေးကြီးတယ်။ နောက်ဆယ်တန်းနဲ့ ဆယ့်နှစ်တန်းကို အေလယ်ဗယ်၊ အိုလယ်ဗယ်ဘာလို့ ခွဲလဲဆိုတော့ ငွေကြေးနဲ့ ဘဝအခြေအနေအရ တက္ကသိုလ် မသွားနိုင်တဲ့ ကလေးမျိုး၊ မသွားချင်တော့တဲ့ ကလေးမျိုးတွေက ဆယ့်တစ်တန်း၊ ဆယ့်နှစ်တန်း အေလယ်ဗယ်တက်စရာမလိုဘူး။ နိုင်ငံတိုင်းမှာ ပညာရေးက အဲဒီစနစ်အတိုင်းပဲ အရမ်းကို ကောင်းမွန်တိုးတက်နေပြီ။ မြန်မာနိုင်ငံမှာလဲ ဒီလိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် စနစ်တွေပြောင်းလဲဖို့ လိုနေပါပြီ" ဟု သုံးသပ်ပြောကြားခဲ့သည်။

Ref : The Flower News



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်