Subscribe to our RSS Feed

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း သတင်းစာရှင်းလင်းပွဲ





မေး။ ဘဏ္ဍာပိုင်းခြား သတ်မှတ်မှုနဲ့ ခွဲဝေသုံးစွဲတဲ့ ကိစ္စမှာ အဆင်မပြေသေးတဲ့ အပိုင်းလေးတွေ ရှိတယ်လို့ ဖော်ပြထားတာ တွေ့ပါတယ်။ မဏ္ဍိုင်သုံးရပ် ခွဲဝေတဲ့နေရာမှာ အဆင်မပြေတာ၊ ဒီဥပဒေပြု မဏ္ဍိုင်ထဲမှာတင်ပဲ လွှတ်တော် နှစ်ရပ်ကြားမှာ ဘဏ္ဍာခွဲဝေမှု (သို့မဟုတ်) ဆက်စပ် ပြောဆိုမှုများမှာ ပြဿနာ နည်းနည်း ရှိနေတယ်လို့ မြင်ပါတယ်။ အဲဒီတော့ အဲဒီအပိုင်းလေးကို နည်းနည်းလေး ရှင်းပြပါ။

ဖြေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးလည်း အဓိကထားပြီး ဆွေးနွေးပါတယ်။ အတော်လည်း စိတ်ဝင်စားပါတယ်။ ဒီအာဏာသုံးရပ် ပိုင်းခြား အုပ်ချုပ်ဖို့ ဆိုတာနဲ့ ပတ်သက်လို့ မရှိမဖြစ် လိုတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပဲ။ နိုင်ငံ တစ်နိုင်ငံ၊ နေရာ တစ်နေရာတည်းမှာ နှစ်ပိုင်းကွဲနေတဲ့ နိုင်ငံပေါ် မူတည်ပြီးတော့ ဥပမာ ပေးသွားပါတယ်။ တစ်နိုင်ငံက ဒီမိုကရေစီ စနစ်ကို ခုနကပြောတဲ့ အာဏာ သုံးရပ်ကို ပိုင်းခြားပြီး အုပ်ချုပ်တယ်။ အဲဒီနိုင်ငံဟာ ပညာတတ်တွေ များတယ်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေ များတယ်။ ဟိုဘက်နဲ့စာလို့ရှိရင် တည်ငြိမ်မှု ရှိတယ်။ ဒီလိုပဲ ဖြေသွားပါတယ်။ ဒါကြောင့်မို့လို့ အာဏာ သုံးရပ်ကို ပိုင်းခြား၊ ခွဲခြား ဆောင်ရွက်မှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့မှာပဲ မိမိ လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ ဒီလွှတ်တော် ကိုယ်စားလှယ်များကို ပြောတဲ့အခါမှာ ဒီလို အာဏာ သုံးရပ်ကို ပိုင်းခြားထားခြင်းသည် ဒီနေ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အဓိက အနှစ်သာရ ဖြစ်တယ်။ တကယ်လို့သာ အာဏာ သုံးရပ်ကို ပိုင်းခြား မခွဲခြားပဲနဲ့ ကျင့်သုံးမယ်ဆိုရင် တစ်ချိန်ချိန်မှာ အာဏာရှင် စနစ်ကို ပြန်ရောက်သွားမှာပဲ။ အဲဒီအချိန်မှာ ဘာတွေ ဖြစ်နိုင်လဲ။ အခု အာဖရိကမှာ ဖြစ်တဲ့၊ အရှေ့ အလယ်ပိုင်းမှာ ဖြစ်တဲ့ ကိစ္စမျိုးတွေလို တစ်ချိန်ကတော့ နိုင်ငံ့ ခေါင်းဆောင်၊ နောက်ပိုင်း ကျတော့ အာဏာရှင် ဖြစ်လာတဲ့ အခါမှာ သူတို့ ဘ၀တင်မကဘူး သူတို့နိုင်ငံပါ ဆုံးရှုံးမှုတွေ ရှိတယ်၊ ဒါကြောင့်မို့ အာဏာ သုံးရပ်ကို ခွဲခြားအုပ်ချုပ်တာ ကောင်းပါတယ်။ အဲဒီလို ကောင်းတာကို ဘယ်က ဖော်ညွှန်းထားလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဖော်ညွှန်းထားတယ်။ ဒါကြောင့်မို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစား လိုက်နာဖို့ လိုပါတယ်။ ဒီနေ့ ကမ္ဘာမှာ ပြန်ကြည့်မယ် ဆိုလို့ရှိရင်လည်း တိုးတက် နေတယ်၊ ဖွံ့ဖြိုးနေတယ်၊ တည်ငြိမ်နေတဲ့၊ အေးချမ်းနေတဲ့ နိုင်ငံတွေဟာ အာဏာ သုံးရပ်ကို သူ့နည်း သူ့ဟန်နဲ့ ပိုင်းခြားပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ် ဆိုပြီးတော့ နောက်ဆုံးရက် ၂၄ ရက်နေ့လို့ ယူဆပါတယ်။ ကျွန်တော် ဒီလိုပဲ ပြောခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီလို လုပ်တဲ့နေရာမှာ မိမိတို့ မြန်မာနိုင်ငံမှာ လွှတ်တော် ဆိုတဲ့ အတွေ့အကြုံ နည်းပါတယ်။ နည်းတဲ့အတွက် လွှတ်တော်တွေက ပြုလိုက်တဲ့ ဥပဒေတွေကို လိုက်နာရမှာက ခုနက ပြည်သူတွေရော၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေရော၊ ပြည်သူတွေရော၊ ပြည်သူ့ လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ရော၊ လွှတ်တော် အသီးသီးက ကိုယ်စားလှယ်တွေရော၊ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်တွေရော လိုက်နာရမှာ။ ကိုယ်က ဥပဒေပြုလိုက်လို့ ကိုယ်လိုက်နာစရာ မလိုဘူး။ ကျန်တဲ့လူပဲ လိုက်နာရမယ် ဆိုတာ မဟုတ်ပါဘူး။ အားလုံးလိုက်နာရမှာ။ အဲဒီလို လိုက်နာတဲ့ အခါမှာ လိုက်နာမှု ရှိ/မရှိ ဆိုတာကို ခုနက မစ္စစ် ဟီလာရီကလင်တန်က ဘာပြောသလဲဆိုရင် Watch dog ဒီလွှတ်တော်တွေ ဆိုတာဟာ Watchdog စောင့်ကြည့်နေတာ၊ ဘယ်သူ မလိုက်နာဘူးလဲ၊ တွေ့တယ်ဆိုရင် လိုက်နာအောင် လုပ်ဖို့၊ အဲဒါကို တခြားနည်းနဲ့ ပြောရမယ်ဆိုရင် ( မသဲကွဲ) check in balance အဲဒီဟာဖြစ်ဖို့ အရေးကြီးတယ်။ ဥပဒေတွေ ထုတ်ပြီးတဲ့အခါမှာ မလိုက်နာဘူးဆိုရင် အလကားပဲဆိုပြီး ဒီလိုပဲ ဆွေးနွေးပြီး ပြောပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်တွေက ထုတ်ပြန်လိုက်တဲ့ ဥပဒေ၊ အဲဒီမှာလည်း သူပြောတာက ဥပဒေ တစ်ရပ်ဖြစ်ဖို့ ဆိုလို့ရှိရင် သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးပါ။ အမြင် တူတာလည်း ရှိမယ်။ မတူတာလည်း ရှိမယ်။ နောက်ဆုံးကျတဲ့ အခါကျတော့ နိုင်ငံအတွက် အကျိုးရှိတဲ့ ဥပဒေတွေ ထုတ်ပြန်ပါ။ သူက ဒီလို အကြံပြုတယ်။ အဲဒီလို ပြီးတဲ့အခါမှာ ဥပဒေ ထုတ်ပြန်ပြီးရင် ဒီဥပဒေအတိုင်း အားလုံး လိုက်နာဖို့ပဲ။ မလိုက်နာဘူးဆိုရင် ဘယ်လိုမှ မကောင်းဘူး။ ဒါကြောင့်မို့လို့ ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတာက အကျင့် မရှိကြသေးဘူး။ အရင် အစိုးရတွေ လက်ထက်က ဥပဒေ ကိုယ့်ဟာကိုယ် ပြုတယ်။ ကိုယ့်ဟာကိုယ် ဆောင်ရွက်တယ်။ ဆောင်ရွက်တာကို ဘယ်သူက check ၊ ဘယ်သူက balance ဆိုတဲ့အခါ ကိုယ့်ဟာကိုယ်ပဲ Check Balance ဆိုတဲ့အခါ သာသာ ထိုးထိုးနဲ့ check balance လုပ်တဲ့အခါ မထိရောက်ဘူး။ ဒီနေ့ကျတဲ့ အခါကျတော့ ဒီစနစ်ကို ပြောင်းလိုက်ပြီ။ ပြောင်းလိုက်တဲ့ အခါမှာ စိတ်ထဲမှာ Check in Balance မြန်မာလို ပြန်ထားတာ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း ဆိုတာကို စနစ်ဟောင်းကို တွယ်တာတဲ့ လူတွေက လက်မခံလိုဘူး။ အဲဒီအားကလည်း တော်တော် ကြီးတယ်။ အဲဒီဟာအတွက် ဒီကနေ့ မိမိတို့လွှတ်တော်နဲ့ အဲဒီ အဖွဲ့အစည်းတွေမှာ အားလုံး အတွက် အခက်အခဲ ရှိတယ် ဆိုတာ သိစေချင်တဲ့အတွက် နိုင်ငံခြားရေး ၀န်ကြီးကို ပြောတဲ့အခါ သူက ဒါကို အလေးအနက်ထားပြီး ဆွေးနွေး သွားပါတယ်။ အခက်အခဲက အဲဒါပါပဲ။ ကိုယ့်ကို Check and Balance ဆိုတာကို မခံချင်ကြဘူး။ မခံလိုကြဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မင်းကို Check လုပ်နေတယ်လို့ ပြောရင် မခံချင်ကြဘူး။ အဲဒီ သဘောမျိုး အခု ဖြစ်နေတယ်။ အဲဒီအတွက် အခက်အခဲပဲ။ ဘယ်သူ့အတွက် အခက်အခဲလဲ လွှတ်တော် အတွက် အခက်အခဲ မဟုတ်ဘူး။ နိုင်ငံအတွက် အခက်အခဲ။ အဲဒီ အခက်အခဲတွေကို ဖြေရှင်းရမယ်။ အဲဒီလို ဖြေရှင်းဖို့ အတွက် ဘယ်သူဟာ ပါရမလဲ။ အစိုးရအဖွဲ့ ပါရမယ်။ ပြီးတဲ့အခါ ပြည်ထောင်စု အဆင့်တွေ ပါရမယ်။ ပြီးတဲ့အခါ ပြည်သူတွေ ပါရမယ်။ အဲဒါ အောင်မြင်သွားပြီ ဆိုလို့ရှိရင် Legacy ဖြစ်မယ်။ အခု ကျွန်တော်တို့ ပြောနေတဲ့ ဒီမိုကရေစီ အဲဒီကျမှ ဖြစ်မယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရမှာ Check and Balance ဆိုတာ ပါပါတယ်။ ဒါကြောင့် ကျွန်တော်ဒီဟာကိုပဲ မီဒီယာတွေကို တိုက်တွန်း ချင်တာက မိမိတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေက အကာအကွယ်ပေး ဆောင်ရွက်ထားသော အာဏာသုံးရပ်ကို ပိုင်းခြား ကျင့်သုံးရေးနဲ့ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရေး ဆိုတာကို တကယ်ဆောင်ရွက်သင့်တယ်။ ဆောင်ရွက်ရမယ် ဆိုတာကို မီဒီယာပိုင်းကပါ ပြည်သူများနဲ့ အခြားအခြားများကို လိုအပ်သလို ပညာပေးခြင်း သို့မို့လို့ရှိရင် အသိပေးဆောင်ရွက်ခြင်း မိမိနိုင်ငံ တိုးတက်ရေး အတွက် အကူအညီ ပေးကြပါလို့ ကျွန်တော်တို့ ဒီနေ့ တက်ရောက်လာတဲ့ မီဒီယာများကို ကျွန်တော် ဒီကနေ ပန်ကြားလိုပါတယ်။ တိုက်တွန်းလိုပါတယ်။

1 comments:

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ အတွက် လမ်းစ တစ်ခု လို့  မြင်ပါသည်။ ပွင့်ပွင့် လင်းလင်း တည်တည်ငြိမ်ငြိမ် နဲ့ ဖြေကြား သွားတာဟာ အလွန်ကောင်းမွန်ပါသည်။ အတုယူ စရာပါ။ သဘောကျသူ အများကြီး ရှိပါသည်။ မဏ္ဍိုင်သုံးရပ်အတွင်း အပြန်အလှန် ထိန်းကျောင်းမှု အပေါ် ဘ၀င်မကျသူတွေ၊ တနည်းအားဖြင့် ပြုပြင် ပြောင်းလဲရေးကို ဘ၀င်မကျသူတွေ၊ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း ကို လက်မခံလိုသူတွေ ရှိနေသေးတဲ့ နိုင်ငံရဲ့အခက်အခဲ ကို မည်သူကိုမျှ နစ်နာမူ ထိခိုက်မူ မရှိစေဘဲ လိုလိုလားလားနဲ့ ပါဝင်လာအောင် ပြည်သူတွေ အားလုံး ပူးပေါင်း ပါဝင် ဖြေရှင်းသင့်တယ်လို့  ပြည်သူတစ်ဦး အနေနဲ့ နားလည်မိပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်