ရှေ့တစ်ပတ်မှာ ကျင်းပမယ့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများ အစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် မြန်မာ နိုင်ငံကို သွားမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့က မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဘေကျင်း မြို့သို့ သွားရောက်ခဲ့အပြီး တစ်လ မပြည့်ခင်မှာ အခု ခရီးစဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အနာဂတ် တရုတ်ခေါင်းဆောင် ဖြစ်လာမည်ဟု သတ်မှတ်ပြောဆိုခံထားရတဲ့ ဒုတိယသမ္မတ Xi Jinping က နိုဝင်ဘာလ ၂၈ ရက်နေ့က မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံ ခိုင်မာသော ချစ်ကြည်ရေး ပေါ်ထွန်းလာရေးအတွက် ကတိကဝတ်များ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီအသွင်းကူးပြောင်းရေး လုပ်ငန်းစဉ်များကြောင့် အမေရိကန်ပြည်ထောင်စုက ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်ရန် ကြိုးပမ်းလာချိန်တွင် အိမ်နီးချင်းတရုတ်နိုင်ငံက မြန်မာနှင့် ပိုမိုလေးနက်သည့် ချစ်ကြည်ရင်းနှီးမှု ထူထောင်သွားရန် အဓိဋ္ဌာန်ပြုပြောဆိုလာကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများနှင့် သတင်းအေဂျင်စီများ၏ ရေးသားဖော်ပြချက်များအရ သိရပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်ကလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးပါရန် မြန်မာနိုင်ငံ၏ အဓိကမဟာမိတ် အိမ်နီးချင်း တရုတ်နိုင်ငံက ဒီဇင်ဘာလ ၁ ရက်နေ့တွင် တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဆယ်စုနှစ် အတော်ကြာ ခံစားခဲ့ရတဲ့ အထီးကျန် ဖြစ်နေတဲ့ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အနီးကပ် မိတ်ဆွေအဖြစ် နှစ်ပေါင်းများစွာ ထောက်ပံ့ကူညီခဲ့တာ ဖြစ်ပါတယ်။ "မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပြီး မြန်မာနိုင်ငံရဲ့ တည်ငြိမ်တိုးတက်အောင် လုပ်သင့်ပါတယ်"ဟု တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ ဟောင်လီက ပြော ကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေး၊ လူမှုရေး အကူအညီတွေ ဆက်တိုက် ပေးခဲ့သူ ဖြစ်ပါတယ်။ မနှစ်က တရုတ်မြန်မာ နှစ်နိုင်ငံရဲ့ ကုန်သွယ်မှုဟာ အမေရိကန် ဒေါ်လာ ၄.၄ ဘီလီယံ ရှိမြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီး မြုပ်နှံမှုဟာ ၂ဝ၁ဝ ခုနှစ်မှာ ဒေါ်လာ ၁၂.၃ ဘီလီယံထိ ရှိခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်းကလည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်း မိတ်ဆွေစစ် ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အခု လည်း တရုတ်နိုင်ငံမှ ပင့်ဆောင်လာတဲ့ ဗုဒ္ဓမြတ်စွယ်တော်ဟာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ အပူစော်ခံခဲ့ပြီးနောက် မန္တလေးမြို့မှာ အပူစော်ခံနေချိန်ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယန်ဟိတ် နဲ့ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့လည်း နောက်လ အတွင်းမှာ မြန်မာနိုင်ငံကို လာဖို့ ရှိပြီး ဘီလာရုစ်ဝန်ကြီးချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် နဲ့ စင်္ကာပူ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့လည်း မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ လာရောက်ခဲ့ကြပါတယ်။

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်