မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့်ရော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ပါ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တိုးမြှင့်တည်ထောင်သွားရန် ရည်မှန်းကြောင်း နိုင်ငံတော်သမ္မတရုံး အကြံပေး ဒေါက်တာနေဇင်လတ်က ပြောကြားခဲ့သည်ဟု အင်တာနက်သတင်းများအရ သိရသည်။ မြန်မာနိုင်ငံ ကြွယ်ဝချမ်းသာလာသည်နှင့်အမျှ အခြားသော ကုန်းတွင်းပိုင်းဒေသများ၏ စီးပွားရေးပါ တိုးတက်လာမည်ဖြစ်၍ အမေရိကန်၏ မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့ဆက်ဆံလာမှုကို ကြိုဆိုကြောင်း ဒီဇင်ဘာ ၃ ရက်နေ့ကပြုလုပ်သော တွေ့ဆုံးမေးမြန်းခန်းတစ်ခု၌ ဒေါက်တာ နေဇင်လတ်က ပြောကြားလိုက်သည်။ ဟီလာရီ၏ ခရီးစဉ်အတွင်း၌ အသေးစားချေးငွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အင်္ဂလိပ်ဘာသာစကား သင်တန်းပို့ချမှုအပိုင်းတို့တွင် ထောက်ပံ့ရန် ကမ်းလှမ်းခဲ့သည်။ ဤသို့ ကမ်းလှမ်းမှုသည် အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းမည့် လက္ခဏာဖြစ်ကြောင်း၊ ပိတ်ဆို့မှုဟူသည် မခက်သော်လည်း ရုပ်သိမ်းရန်မူ အချိန်ယူရကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဟုန်လေကလည်း တရုတ်အနေဖြင့် မြန်မာနှင့် ဆက်ဆံရေးကို တိုးမြှင့်နေကြောင်း၊ မြန်မာနှင့် အနောက်နိုင်ငံများ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် တရုတ်အစိုးရက မျှော်လင့်ကြောင်းတို့ကို ဒီဇင်ဘာ ၁ ရက်နေ့က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့စဉ်ကာလအတွင်း တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံခန့် ၀င်ငွေရရှိခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း
http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း
Myanmar Express
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်