Subscribe to our RSS Feed

မြန်မာနိုင်ငံတွင်နျူကလီးယား လက်နက်ထုတ်လုပ်ရန်ကြိုးပမ်းမှု လက္ခဏာမတွေ့ရ


(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)

နေပြည်တော် - မြန်မာနိုင်ငံတွင် အဓိကနျူကလီးယားလက်နက် ထုတ်လုပ်ရေးအစီအစဉ်ရှိသည့် လက္ခဏာ တစ်စုံတစ်ရာ မတွေ့ ရှိရကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ကုလသမဂ္ဂ အဏုမြူစောင့်ကြည့်ရေးအေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင် လိ့မ်မည်ဟု မျှော်လင့်ပါကြောင်း အမေရိကန် ကပြောကြားသည်။

"ကျွန်တော်တို့ ဒီကိစ္စကို ဂရုတစိုက် စောင့်ကြည့်နေပါတယ်။ အခုချိန်အထိ နျူကလီးယား လက်နက်နဲ့ပတ်သက်လို့ ကြီးကြီး မားမား အားထုတ်မှုမရှိတဲ့ လက္ခဏာကို မတွေ့ရှိရပါဘူး"ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ သမိုင်းဝင် ခရီးစဉ်နှင့်အတူ လိုက်ပါလာသော သတင်းထောက်များအား အမေရိကန်အရာရှိက ပြောသည်။

မြန်မာအစိုးရနှင့် မြောက် ကိုရီးယားတို့ ဆက်ဆံမှုနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မှုကို ၀န်ကြီးကလင်တန်က မြန်မာ အစိုးရထံ တင်ပြမည်ဖြစ်သော်လည်း မြန်မာအစိုးရသည် ခေတ်မီ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ရန် မြောက်ကိုရီးယားနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်ဟု ပြည်ပြေးအချို့၏ ပြောကြားချက်နှင့် ပတ်သက်၍အမေရိကန်နိုင်ငံခြား ရေးဌာနအရာရှိက အရေးမကြီး သလို တုံ့ပြန်ခဲ့သည်။

အမေရိကန်တို့ အဓိက စိုးရိမ်ပူပန်သည်မှာ ဒုံးလက်နက် နည်းပညာပင်ဖြစ်သည်ဟု အမေရိကန်အရာရှိက ပြောသည်။

မေလအတွင်းက တောင်တရုတ် ပင်လယ်အတွင်း၌ ဒုံးလက်နက် အစိတ်အပိုင်းများကို သယ်ဆောင် လာသည်ဟု သံသယမကင်း သော မြောက်ကိုရီးယားကုန်တင် သင်္ဘော တစ်စင်းကို အမေရိကန်ရေတပ် ဖျက်သင်္ဘောတစ်စင်းက ကြားဝင် တားဆီးခဲ့သည်။

ကုလသမဂ္ဂလက်အောက်ခံ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီနှင့် ဆက်နွှယ်၍ ၎င်းတို့ဆောင်ရွက်ဖွယ်ရှိသော ခြေလှမ်းများအကြောင်းကို လည်းကောင်း၊ မြောက်ကိုရီးယားနှင့်ပတ်သက်၍ ၎င်းတို့ ချင့်ချိန်စဉ်းစားနေသော အခြား လုပ်ဆောင် ဖွယ်များအကြောင်းကို လည်းကောင်း မြန်မာအစိုးရသည် ကျွန်ုပ်တို့နှင့် အလေးအနက် ဆွေးနွေးပြောဆိုမှုများ ရှိခဲ့ပါသည်ဟု အမေရိကန်အရာရှိက ပြောသည်။

အမည်နှင့်ရာထူးကို ထုတ်ဖော်ခြင်း မပြုသော အမေရိကန်အရာရှိက ပြောကြားရာတွင် မြန်မာ နျူကလီးယားလှုပ်ရှားမှုကို IAEA က ပိုမိုစစ်ဆေးကြည့်ရှု ခွင့်ပေးရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန်လည်း ပါဝင်နိုင်သည်ဟုဆိုသည်။

ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးကို ဆန့်ကျင်နေသည်ဟု ယုံကြည်သော လုပ်ဆောင်မှုများကို ရပ်တန့်ရေး မြန်မာဘက်မှ အာမခံချက်ရရှိရန် ကိုလည်း လုပ်ဆောင်မည်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်နှောင်းပိုင်းက မြန်မာနိုင်ငံတွင် သံသယဖြစ်ဖွယ်ရှိသော နျူကလီးယားနေရာများကို ကုလသမဂ္ဂအဏုမြူအေဂျင်စီမှ သွားရောက်ကြည့်ရှု လေ့လာခွင့်ပြုရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။

ကာလကြာရှည်စွာ အထီးကျန်ခဲ့သော မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ပေါင်းများစွာ စစ်ဘက်အုပ်စိုးမှုကို ယခုနှစ်အတွင်း အဆုံးသတ်ခဲ့ ပြီးနောက် နိုင်ငံရေးအတိုက်အခံများ၊ တိုင်းရင်းသားလူနည်းစုများနှင့် ဆွေးနွေးပြောဆိုမှုများ ကို အစိုးရသစ်က ပြုလုပ်ခဲ့သည်။

အစိုးရသစ်၏ သန္ဓေတည်စ ပြုပြင် ပြောင်းလဲရေး၏ အတိမ်အနက်ကို ထောက်လှမ်းစမ်းသပ်ကြည့်ရန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် သည် နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

အထက်လွှတ်တော် နိုင်ငံခြားဆက် ဆံရေးကော်မတီမှ အတိုက်အခံ ရီပတ်ဘလီကန်ပါတီ၏ ထိပ်တန်း ပုဂ္ဂိုလ် အထက်လွှတ်တော် အမတ် ရစ်ချတ်လူဂါက မြန်မာနှင့် မြောက် ကိုရီးယားအကြား ဆက်ဆံရေး သုံးသပ်ရန်ကိစ္စကို ထိပ်တန်း ဦးစားပေးလုပ်ဆောင်ရန် ၀န်ကြီး ကလင်တန်ကို တိုက်တွန်းခဲ့သည်။

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလက ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် မြောက်ကိုရီးယားသည် ပိတ်ပင်ထားသော နျူကလီးယားနှင့် ဒုံးလက်နက်ဆိုင်ရာ ပစ္စည်း ကိရိယာများကို အီရန်၊ ဆီးရီးယားတို့နှင့်အတူ မြန်မာ နိုင်ငံသို့လည်း ထောက်ပံ့နေသည်ဟု ဖော်ပြ ပါရှိခဲ့သည်။

http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်