Subscribe to our RSS Feed

မြန်မာကိုယ်စားလှယ်အဖွဲ့ အမေရိကန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်


ရွှေယင်းမာဦး
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)

မြန်မာနှင့် အမေရိကန်ပြည်ထောင်စု နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် လာမည့်နှစ် အစောပိုင်းကာလအတွင်း မြန်မာကိုယ်စားလှယ်အဖွဲ့ အမေရိကန် နိုင်ငံသို့လာရောက်ရန် ဖိတ်ခေါ်ပါ ကြောင်း မြန်မာနိုင်ငံသို့ လာရောက်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဟီလာရီကလင်တန်က နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁ ရက်နေ့က နေပြည် တော်ရှိ သမ္မတရုံးဧည့်ခန်းမဆောင်တွင် တွေ့ဆုံရာ၌ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအတွက် ဆွေးနွေးစဉ် ၎င်းက ပြောကြားခြင်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်ခွဲကာလအတွင်း မြန်မာနိုင်ငံသို့ အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့များ အနည်းဆုံး ၂၀ ဖွဲ့ လာရောက် ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ ဒဲရက်မစ်ချယ်ကိုလည်း ခန့်အပ်ခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးပုံမှန်ဖြစ်စေရန် အတွက် သံအမတ်ကြီးအဆင့် တိုးမြှင့် ခန့်ထားရန်လည်း စဉ်းစားသွားမည်ဖြစ်ကြောင်း မစ္စစ် ကလင်တန်က ဆိုသည်။

မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းစနစ်ကို ကူညီပံ့ပိုးရန်အတွက် ကမ္ဘာ့ဘဏ်မှ အဖွဲ့တစ်ဖွဲ့စေလွှတ်ရန် ညှိနှိုင်းဆောင် ရွက်ပေးလိုကြောင်း နှင့် လူ့အခွင့်အရေး ကိစ္စနှင့်ပတ်သက်ပြီး အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုကြောင်းလည်း ၎င်းက ပြောကြားသည်။

၎င်း၏ခရီးစဉ်အတွင်း လွှတ်တော် ဥက္ကဋ္ဌများနှင့်လည်း တွေ့ဆုံခဲ့ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း က အမေရိကန် ကွန်ဂရက်၊ အထက် လွှတ်တော်၊ အောက်လွှတ်တော်ကိုယ်စားလှယ်များကို လေးစားပါကြောင်း၊ မိမိတို့နိုင်ငံကိုလာရောက်ဖို့ ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

"မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အခွင့်အခါသင့်လျှင် ဖိတ်ခေါ်ပေးစေလိုပါတယ်"ဟု သူရဦးရွှေမန်းက ပြောကြားသည်။


http://groups.google.com/group/mayanmardailymail မှ ကူးယူဖော်ပြပါကြောင်း



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်